ဆုတောင်းပြည့် ရွှေပြောင်ပြောင်စေတီတော်ကြီး(အောင်လံ)၏
သမိုင်းတော်
နမော တဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ၊ ရှေးပဝေဏီအခါက
အိန္ဒိယပြည်တွင် သူ့အမျိုးသာမြတ်သည် ငါ့အမျိုးသာ မြတ်သည်ဟူသော ဇာတိပုည ဂုဏ်မာနသည် အလွန်ထောင်လွှားခဲ့ကြလေသည်။
သို့ကြောင့် လည်း လူမျိုးရေးပြဿနာသည် အိန္ဒိယပြည်တွင် အများဆုံး ပေါ်ပေါက်ခဲ့လေသည်။
ဇာတိပုည ဂုဏ်မာန ဟူသော စကားသည် တဖြည်းဖြည်း
ရွေ့လျောလာသောအခါ ဇာတ်ဟူ၍ ဖြစ်လာလေသည်။ ဤဇာတ်ကြောင့်ပင်လျှင် ဤလူမျိုးကား ဇာတ်နိမ့်လူမျိုး၊
ဤလူမျိုးကား ဇာတ်မြင့်လူမျိုး စသည်ဖြင့် လူလူချင်းပင်ဇာတ်ဖြင့် ခွဲခြားခဲ့လေသည်။ ထိုမျှနှင့်ပင်
မရပ်သေး ဤလူမျိုးကား ဒွန်းစဏ္ဍားမျိုး၊ ဤလူမျိုးကား ပန်းမှိုက်သွန်မျိုး၊ ဤလူမျိုးကား
သားရေနယ်မျိုး၊ ဤလူမျိုးကားဆတ္တာသည်မျိုး၊ ဤလူမျိုးကား တောင်သူလယ်သမားမျိုး၊ ဤလူမျိုးကား
ကုန်သည်မျိုး၊ ဤလူမျိုးကား မင်းမျိုး၊ ဤလူမျိုးကား ဗြဟ္မဏမျိုး စသည့်ဖြင့် လူတစ်မျိုးတည်းကိုပင်
အစိတ်စိတ်အမြွာမြွာ ကွဲပြားအောင် ဇာတ်ကပင် ခွဲခြားခဲ့လေသည်။ ဤဇာတ်ကြောင့်ပင်လျှင် တစ်ဦးကိုတစ်ဦး
မကြည်ဖြူနိုင် ကြဘဲ ရန်ထောင်ကာ မာန်ဆောင်လျက် ရှိကြလေကုန်သည်။
ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာသောအခါ
သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် အရင်း ရှိလျှင် မည်သည့်လူမျိုး၊ မည်သည့်ဇာတ်ရှိသူပင်ဖြစ်စေ၊
မြင့်မြတ်သော သကျသာကီယ ဇာတ်သို့ ၀င်ရောက်နိုင်သည်ဟု လူမျိုးတို့၏ ဇာတ်ပြဿနာကို စက်ဆုပ်တော်မူသော
မြတ်စွာဘုရားသည် လူမှန်သမျှ သကျသာကီယဇာတ်သို့ သွတ်သွင်းတော်မူ ခဲ့လေသည်။
တကောင်းပြည်
ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူကုန်ပြီးသော ဘုရားရှင်များ၏
လက်ထက်တော်အခါများ၌ တကောင်းပြည်ကြီးသည် ကကုသန်ဘုရားလက်ထက်တော်၌ သံသရပူရပြည် ဟူ၍လည်းကောင်း၊
ကောဏာဂုံဘုရားလက်ထက်တော်၌ ရဌပူရပြည်ဟူ၍လည်းကောင်း၊ ကဿဖ ဘုရားလက်ထက်တော်၌ သင်းတွဲပြည်ဟူ၍လည်းကောင်း၊
ဂေါတမဘုရားလက်ထက်တော်၌ တကောင်းပြည် ဟူ၍လည်းကောင်း ဘုရားရှင် လေးဆူတို့၏ လက်ထက်တော်၌
လေးနာမည် တွင်ခဲ့လေသည်။
သာကီဝင် သုံးပြည်ထောင်
ဂေါတမမြတ်စွာဘုရားသခင် ပွင့်ထွန်းတော်မမူမီ
ရှေးလွန်လေပြီးသော အတိတ်ကာလ၌ အိန္ဒိယပြည် အလယ်ပိုင်းတွင် တည်ရှိသော ကောသလတိုင်း၊ ပဉ္စာလတိုင်း
တိုင်းနှစ်တိုင်းကို ပဉ္စာလရာဇ်မင်းက အုပ်ချုပ်၍ မင်းလုပ်ခဲ့လေသည်။
အိန္ဒိယပြည် မြောက်ပိုင်း၊ ဟိမ၀န္တာ တောင်ခြေတွင်
တည်ရှိသော ဒေ၀ဒဟ-ကောလိယနှင့် ကပ္ပိလ၀တ် မည်သော သုံးပြည်ထောင်ကို မဟာသမ္မတ မင်းမျိုးမှ
ဆင်းသက်၍ အမျိုးမပျက် တည်ရှိခဲ့သော သကျသာကီဝင် မင်းမျိုးတို့က အုပ်စိုးခဲ့လေသည်။ ဤသုံးပြည်ထောင်ကို
သကျသာကီဝင် သုံးပြည်ထောင် ဟုလည်း ခေါ်ဆိုလေသည်။ သကျသာကီဝင်မင်းတို့သည် အမျိုးမပျက် အဆက်ဆက်တည်ရှိခဲ့သဖြင့်
အမျိုးအတွက် အလွန်မာန်တက်သော လူမျိုး ဖြစ်လေသည်။
အဘိရာဇာမည်သော သာကီနွယ်ဖွား မင်းတစ်ပါးသည်
မိမိတွင်ရှိသော ဗိုလ်ပါအလုံးအရင်းကိုယူ၍ သကျသာကီဝင်သုံးပြည်ထောင်မှ အရှေ့ဘက်သို့ ဖဲ့ထွက်ခဲ့လေသည်။
ထိုမင်းသည် ဧရာဝတီမြစ် ကို ကျော်ဖြတ်ပြီးလျှင် နေခင်းထိုင်ခင်း အလွန်သာယာသော သင်္ဃဿပြည်ဟု
သမုတ်ကာ၊ မြို့သစ်ရွာသစ် တည်ထောင်လျက် စိုးစံတော်မူခဲ့လေသည်။ ဤ သင်္ဃဿပြည်ကို နောင်သောအခါ
တကောင်းပြည် ဟု ခေါ်တွင်ကြလေသည်။
အဘိရာဇာမင်းကြီး နတ်ရွာစံ ကံတော်ကုန်သောအခါ
သားတော်နှစ်ပါး ဖြစ်ကြကုန်သော ကံရာဇာကြီးနှင့် ကံရာဇာငယ် သားတော်နှစ်ပါးတို့သည် ထီးမွေနန်းမွေနှင့်
စပ်လျဉ်း၍ မသင့်မမြတ်၊ စစ်ပြိုင်မည်တကဲကဲ ဖြစ်ကြရာ အမတ်ပညာရှိများက အသျှင်သားတို့ ရန်စစ်ဖြစ်ကြလျှင်
တိုင်းသူပြည်သား လူအများတို့သည် အကျိုးမဲ့ သေကြေပျက်စီးကြရတော့မည်။ သို့ဖြစ်သောကြောင့်
ရန်စစ်ထိုးတော်မမူကြပါလင့်၊ ကုသိုလ်စစ်သာ ထိုးတော်မူကြပါလော့ဟု လျှောက်တင်ကြရာ ငါတို့သည်
အသို့လျှင် ကုသိုလ်စစ်ကို ထိုးကုန်ရာအံ့နည်းဟု မင်းသားများက မေးကုန်လတ်သော် အမတ်ကြီးများက
အသျှင်သားတို့သည် မိမိတို့ကြိုက်နှစ်သက်ရာ နေရာတစ်ခုစီယူ၍ ညဥ့်တွင်းပြီး အလှူမဏ္ဍပ်ကြီး
တစ်စောင်စီ ဆောက်လုပ်ရပါမည်။ အလျင်ပြီးသူက ကြီးစွာသော အလှူကြီးကို ပေး၍ ထီးနန်းသိမ်းပွဲကို
ခံရပါမည်။ မပြီးသူသည် စစ်ရှုံးသူဖြစ်ပြီး နိုင်ငံမှ ထွက်ခွာသွားရပါမည်ဟု လျှောက်တင်ကြလေသည်။
ဤအချက်ကို မင်းသားနှစ်ပါးစလုံး သဘောကျကြ၍
နေရာတစ်ခုစီ အသီးသီး ယူကြပြီးလျှင် မဏ္ဍပ်တဲတစ်စောင်စီ ဆောက်ကြလေသည်။ ကံရာဇာကြီးသည် သစ်ကြီးဝါးကြီးများကို
ရှာဖွေစုဆောင်း၍ မဏ္ဍပ်တော်ကို ခံ့ခံ့ညားညား ဆောက်လုပ်သဖြင့် တစ်ညဥ့်ချင်း မပြီးရှိလေသည်။
ကံရာဇာငယ် မူကား မဏ္ဍပ်တော်ကို သစ်ငယ်ဝါးငယ်တို့ဖြင့် ဆောက်လုပ်သောကြောင့် ညဥ့်တွင်းချင်းပြီးသည့်အပြင်
ဖျင်ဖြူများနှင့် မိုးကာထားသဖြင့် အဝေးမှကြည့်သော် ထုံးဖွေးဖွေး စွပ်ထားသကဲ့သို့ ရှိလေသည်။
ဤသည်ကို ကံရာဇာကြီး မြင်သောအခါ မိမိသည် ရှူံးနိမ့်ပြီဖြစ်ကြောင်း
သိရှိ၍ မိမိ၏ဗိုလ်ပါ အလုံးအရင်းကို ယူလျက် ဧရာဝတီမြစ်ကို စုန်ဆင်းခဲ့လေသည်။ ဧရာဝတီမြစ်နှင့်
သလ္လာဝတီမြစ် တို့ ပေါင်းဆုံရာ ပခုက္ကူမြို့အထက်နားသို့ ရောက်သောအခါ သလ္လာဝတီမြစ်ကို ဆန်တက်ခဲ့၍
ကလေး ကျေးတောင်ညိုအရပ်သို့ ရောက်သောအခါ ထိုအရပ်ကို ရာဇဂြိုလ်ဟု သမုတ်၍ ခြောက်လ ဗိုလ်ရှုခံဝင်
စံနေတော်မူခဲ့လေသည်။ ထိုအခါဝယ် ကလေးကျေးတောင်ညိုအရပ်၏ တောင်ဘက်တစ်လွှားတွင် ပျူ၊ ကန်းယံ၊
သက်တို့ နေထိုင်ကြလေသည်။ ထို ပျူ၊ ကန်းယံ၊ သက် တို့က အုပ်ချုပ်သူ မင်းလျာတောင်းလာသဖြင့်
သားတော် မုဒုစိတ္တကို စေလွှတ်၍ ပျူ၊ ကန်းယံ၊ သက်တို့ကို အုပ်ချုပ်စေတော်မူလေသည်။
ညီတော် ကံရာဇာငယ်သည်ကား တကောင်းပြည်တွင်
ဖခမည်းတော်၏ အရိုက်အရာဖြစ်သော ရွှေထီးရွှေနန်း၊ ရွှေကြငှန်းကို ဆက်ခံစိုးအုပ် မင်းလုပ်တော်မူခဲ့လေသည်။
ဤတကောင်းပြည်ကြီးကို အနွယ်တော်မပျက် ဆက်ခံစိုးအုပ် မင်းလုပ်တော်မူခဲ့သော သကျသာကီနွယ်
ရှင်ဘုရင်တို့မှာ ဘိုးတော်သားတော်ဖြစ်တော်မူသော အဘိရာဇာမင်းကြီးမှသည် သားတော် ဘိန္နကရာဇာမင်းပေါင်း
သုံးကျိပ်သုံးယောက်တို့သည် စိုးမိုးအုပ်ချုပ် မင်းလုပ်တော်မူခဲ့ကြလေသည်။
တကောင်းပြည်ကြီးကို နောက်ဆုံးအုပ်ချုပ်တော်မူသော
ဘိန္နကရာဇာမင်းကြီး လက်ထက်တော်တွင် မြောက်ဘက်တွင်ရှိသော ဂန္ဓာလရာဇ်တိုင်း စိန့်ပြည်မှ
တရုတ်တရက်တို့သည် ၀င်ရောက်နှောင့်ယှက်လာ၍ သင်္ဃရဋ္ဌမည်သော တကောင်းပြည်ကြီး ပျက်စီးရလေသည်။
ဘိန္နကမင်းကြီးသည် စုရုံးမိသမျှသော မိမိ၏ ဗိုလ်ပါအလုံးအရင်းနှင့် မလည်ချောင်းအရပ်သို့
ခိုဝင်၍ စံနေတော်မူရလေသည်။ ထိုအရပ်တွင် ဘိန္ဒကမင်းကြီး
နတ်ရွာစံကံတော်ကုန်ရလေသည်။ ဗိုလ်ပါ အလုံးအရင်းတို့သည်လည်း သုံးစုကွဲ၍ တစ်စုသောလူတို့သည်
အရှေ့ဘက်မျက်နှာ ရှမ်းတို့အရပ်တွင် ရှမ်းတစ်ဆယ့်ကိုးခရိုင်ကို တည်ထောင်ကာ အေးဆေးစွာ
နေထိုက်ကြလေသည်။ တစ်စုကား ဧရာဝတီမြစ် ကို စုန်ဆင်းခဲ့ကြ၍ ပျူ၊ ကန်းယံ၊ သက်တို့၏ အရပ်၊
မုဒုစိတ္တ စသော သာကီဝင်မင်းတို့၏ စိုးစံရာ သုနာပရန္တတိုင်းသို့ ၀င်ခဲ့ကြလေသည်။ တစ်စုကား
ဘိန္နကမင်းကြီး၏ မိဖုရားကြီး နာဂဆိန်နှင့်အတူ မလည်ချောင်းအရပ်၌ပင် နေထိုင်ခဲ့ကြလေသည်။
သုနာပရန္တတိုင်းသို့ ခိုဝင်ခဲ့ကြသောလူစုတွင်
ဘေးတော် ကံသမင်းကြီး၏ နာမံတော်ကို ခံယူတော်မူခဲ့သော ကံသမင်းသားလည်း ပါဝင်တော်မူလေသည်။
ကံသမင်းသားသည် ယခု သရက်မြို့ဟုခေါ်တွင်သောနေရာသို့ရောက်ရှိလာသောအခါ တောင်ငါးလုံးကာခို
ရာဇဂြိုလ်ပြည် ကဲ့သို့ တောတောင်ရေမြေ အခြေအနေကောင်းသည့်ပြင် ကဝေသင်ပုန်း ဇာလီထွန်းဟူသော
တောင်လေးလုံးကာရံလျက် တင့်တယ်ဖွယ်ရာ ပြေပြစ်ညီညာသော မြေမျက်နှာရှိသော အရပ်ဖြစ်သောကြောင့်
သဘောတော်ကျလှ၍ ဤနေရာ ဤဌာနကို မဟာဂါမရာဇဂဟ ဟုသမုတ်ကာ မြို့သစ်ရွာသစ် တည်ထောင်လျက် စိုးစံအုပ်ချုပ်
မင်းလုပ်တော်မူခဲ့လေသည်။ အနီးအနားတွင်နေထိုင်ကြကုန်သော ပျူ၊ ကန်းယံ၊ သက်တို့သည်လည်း
ကံသမင်းကြီး၏ ဘုန်းရိပ်ကို ခိုလှုံဝင်ရောက်လာကြလေကုန်သည်။
ကံသမင်းကြီးတွင် အိမ့်နိမ့်မှပါခဲ့သော ဃေရကုမာရ
ဟူသော သားတော်တစ်ပါး ပါခဲ့လေသည်။ ထိုမင်းသားသည် များစွာဆိုးသွမ်းလျက် လူမိုက်လူပေ လူတေတို့နှင့်
ပေါင်းသင်းကာ နိုင်ငံတော်အတွင်း ဓားပြတိုက်ခြင်းကြိမ်ဖန်များစွာ မုဒိန်းမှုများကို ကျူးလွန်ခြင်းစသော
အထွေထွေသော မကောင်းမှုတို့ကို ပြုလုပ်နေလေသည်။ ထိုသို့ သားတော်၏ ရမ်းကားမှုတို့ကို နိုင်ငံသားများက
မကျေနပ်ကြ၍ ဘုရင့်အား ရွှေနားတော်ကြား လျှောက်ထားကြလေသည်။ ထိုအခါ ဘုရင်မင်းမြတ်သည် သားတော်အား
ကွပ်မျက်စေလေသည်. ထိုအခါမှစ၍ ကံသမင်းကြီးအား သားသတ်မင်းဟူ၍ အချို့က ခေါ်ဆိုကြလေသည်။
ကံသမင်းကြီးသည် သားတော်အတွက် စိတ်အပျက်ကြီးပျက်ရသဖြင့် နောင်တွင် ငါ၏ မိဖုရားဝယ် သားတော်များ
ပေါ်ပေါက်လာပါက သူတစ်ပါးကို အနှောင့်အယှက် ဒုက္ခမပေးနိုင်မီ ငယ်ရွယ်စဉ်ကပင် ဖျောက်ဖျက်၍
ပစ်လိုက်ကြစေဟူသော နိုင်ငံတော်အတွင်း ထုတ်ပြန်ထားလေသည်။
ကံသမင်းကြီး၏
မိဖုရားကြီးသည် မိန်းမမြတ်တို့၏ ရုပ်ဆင်းသဏ္ဍာန် ကြန်အင်လက္ခဏာ တို့နှင့် ပြည့်စုံသည့်အပြင်
ပိုင်းခြားဝေဖန်မှု ပြုတတ်သော ပဋိဘာဏဥာဏ်ပညာ နှင့်လည်း ပြည့်စုံလေသည်။ လောကလူများသည်မဖြစ်ချင်တာကိုလည်း ဖြစ်ရတတ်သည်။ ဖြစ်ချင်တာကိုလည်း မဖြစ်ရတတ်လေသည်။ တစ်နေ့သော် ကံသမင်းကြီး၏
မင်းမိန့်ကို ဦးထိပ်ပန်ဆင်နေရရှာသော မိဖုရားကြီးတွင် ပတ္တမြားရွှေကြုတ် နှုတ်ငုံတော်
ရှိလာလေသည်။ ထိုအခါ ကြိုတင်၍ ဆင်ခြင်တိုင်းဆတတ်သော ဥာဏ်ပညာနှင့် ပြည့်စုံသော မိဖုရားကြီးသည်
မိမိနှင့် ရက်တူလတူ သန္ဓေယူကြကုန်သော အမျိုးသမီး နှစ်ဦး၊ သုံးဦးကို ခေါ်ယူတော်မူ၍ မိမိထံပါး
အမြဲခစားစေလေသည်။
မိဘုရားကြီး၏
ပတ္တမြားရွှေကြုတ် နှုတ်ငုံတော်သည် ရက်လစေ့၍ မီးရှူးသန့်စင် ဖွားမြင်လတ်သော် သားတော်ကလေးကို
ဖွားမြင်တော်မူလေသည်။ မိဖုရားကြီးထံပါးတွင် ခစားလျက်ရှိသော အမျိုးသမီးတစ်ဦးတွင်လည်း
သမီးတော်လေးတစ်ဦးကို ဖွားမြင်လေသည်။ ထိုအခါ မိဖုရားကြီးသည် သားနှင့် သမီးကို လဲကာယူလျက်
မိမိတို့တွင် သမီးကညာ ရတနာကိုသာ ဖွားမြင်တော်မူကြောင်း မင်းကြီးအား လျှောက်စေလေသည်။
ထိုအမျိုးသမီးကိုပင်လျှင် နို့ထိန်းသည် ပြုစေလျက် စရိတ်စက အပြည့်အစုံနှင့် နေပြည်တော်မှ
ဝေးကွာရာ အနောက်တောင်ရိုးပေါ်သို့ပို့ကာ ရွာငယ်တစ်ခုတွင် သားတော်ကလေးကို ဖုံးဝှက်ကာ
ထားလိုက်လေသည်။
ထိုအချိန်
ထိုအခါတွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၌ ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူ၍
သာဝတ္တိပြည် ပေဿနဒီကောသလမင်းကြီးက ကပ္ပိလ၀တ်ပြည် မဟာနန်မင်းကြီးအား သမီးကညာတောင်းလာသည်ကို
အမျိုးအနွယ်ပျက်အံ့စိုးသဖြင့် မင်းသမီးအစစ်ကို မပေးဘဲ မဟာနန်မင်းကြီး၏ ကျွန်မတွင်မြင်သော
ဝါသဘခတ္တိယ မည်သော မင်းသမီးကို ပေးလိုက်လေသည်။ ထိုမင်းသမီးကို မိဖုရားမြှောက်၍ သားတော်
ဝိဋဋူပ ကို ဖွားမြင်လေသည်။
ဝိဋဋူပ မင်းသား အရွယ်တို့ရောက်လတ်သော် အဘိုးအဘွား
ဆွေတော်မျိုးတော်တို့ကို ကန်တော့ရန် ကပ္ပိလ၀တ် နေပြည်တော်သို့ လာခဲ့၍ ပြန်သောအခါ ၀ိဋဋူပ
မင်းသား ထိုင်သွားသောနေရာကို အမှုလုပ်များက ကျွန်မသား ထိုင်သွားသောနေရာဟု နှုတ်မှ တတွတ်တွတ်ရေရွတ်ကြလျက်
နို့ရည်တို့ဖြင့် ဆေးကျောကြကြောင်းကို ၀ိဋဋူပ မင်းသား သိရှိ၍ နောင် ငါမင်းဖြစ်သောအခါ
ဤသကျသာကီဝင်မင်းတို့၏ လည်ချောင်းသွေးဖြင့်
ငါ၏ ခြေတော်ကို ဆေးတော့အံဟု ရန်ငြိုးထားတော်မူလေသည်။
ခမည်းတော် မင်းတရားကြီး နတ်ရွာစံပြီးသည်နောက်
ဝိဋဋူပ မင်းသား မင်းဖြစ်လာသောအခါ ရန်ငြိုးထားခဲ့သည့်အတိုင်း သကျသာကီဝင်မင်းတို့ကို
တိုက်ခိုက်ဖျက်ဆီးတော့အံ့ဟု နှလုံးမူလျက် စစ်အင်္ဂါလေးပါးနှင့် ချီတက်တော်မူရာရာ မြတ်စွာဘုရားသည်
ကြွချီလာကာ လမ်းမှတားသဖြင့် သုံးကြိမ်တိုင်တိုင် စစ်ခေါက်၍ ပြန်ခဲ့လေသည်။ လေးကြိမ်မြောက်၌သော်ကား
သာကီဝင်မင်းတို့၏ ရှေးဝဋ်ကို မြင်တော်မူ၍ မြတ်စွာဘုရားလည်း တားမြစ်တော်မမူဘဲ ရှိခဲ့ရာ
ဝိဋဋူပ ခေါင်းဆောင်သော ရဲမက်တို့သည် ကပ္ပိလ၀တ်နေပြည်တော်သို့ရောက်၍ မဟာနန်မင်းကြီးထံပါးနေသော
သူများမှတစ်ပါး သာကီဝင်မင်းမျိုးတို့ကို အကုန်သတ်လေသည်။
ယင်းသို့ သာကီဝင် သုံးပြည်ထောင် ပျက်စီးသောအခါ
ဓဇရာဇာမည်သော သာကီဝင်မင်းတစ်ပါးသည် မိမိ၏ ဗိုလ်ပါ အလုံးအရင်းနှင့်တကွ ကပ္ပိလ၀တ်နေပြည်တော်မှ
မြန်မာပြည်ဘက်သို့ ဖဲ့ခွာခဲ့လျက် မောရိယမြို့ကို တည်ထောင် ဖန်တည်း၍ စံနေတော်မူပြန်လေသည်။
ယင်းမှတစ်ဖန် ပြောင်းခဲ့ပြန်ရာ မလည်ချောင်းအရပ်သို့ ရောက်သောအခါ မိဖုရားကြီး နာဂဆိန်နှင့်တွေ့၍
ဆွေတူမျိုးမျှ သာကီယချည်း ဖြစ်သောကြောင့် စုံဖက်တော်မူကြပြီးလျှင် အညာပုဂံပြည်ကိုတည်ထောင်၍
စံနေတော်မူကြလေသည်။ ထိုတွင် သားတော် ၀ိရာဂကို ဖွားမြင်တော်မူလေသည်။ ယင်းမှတစ်ဖန် ပြောင်းခဲ့ပြန်၍
သကျသာကီဝင်မင်းတို့၏ စံနေရာ သင်္ဃရဋ္ဌမည်သော တကောင်းပြည်ကြီးကို ပဉ္စာလတကောင်းပြည်ဟူ၍ သမုတ်ပြီးလျှင်
ထီးသစ်နန်းသစ်တည်ဆောက်ကာ စိုးစံတော်မူကြလေသည်။
ဤ ဒုတိယအကြိမ်တည်သော ပဉ္စာလ တကောင်းပြည်ကြီးကို
မင်းတစ်ဆယ့်ခုနှစ်ဆက် စိုးစံခဲ့လေသည်။ ဤမင်းများကို သတိုးမင်းမျိုးဟု ရာဇ၀င်တွင် ဖော်ပြထားလေသည်။
သက္ကရာဇ် ၆၀ ပြည့်နှစ်တွင် ပျူ၊ ကန်းယံ၊ သက်တို့ကြီးစိုးရာ သရေခေတ္တရာပြည်၌ မိဖုရား နန်းခန်းနှင့်
မောင်တော် တမ္ဗူလ မင်းသားကြီးတို့ မောင်နှမချင်း စစ်ခင်းကြရာ မော်တော် တမ္ဗူလမင်းသားကြီး
စစ်ရှုံးနိမ့်၍ အလုံးအရင်းနှင့်တကွ ကံသမင်းကြီး၏ နယ်ပယ်ဘက်သို့ တောခိုဝင်ရောက် နေထိုင်ခဲ့လေသည်။
ထိုအခါ နဂိုမူလက သောင်းကျန်းလျက်ရှိသော ဒေသခံ သောင်းကျန်းသူများသည် ခွန်အားကြီးသော
တမ္ဗူလ မင်းသားကြီး၏ တပ်နှင့်ပူးပေါင်း၍ နိုင်ငံတော်ကို ပိုမို၍ အနှောင့်အယှက် ပေးလေသည်။
တပ်ပြေးနှင့် သောင်းကျန်သူများ ကြီးစိုးရာဌာနသည်ကား
ကံသမင်းကြီး၏ ပိုင်ဆိုင်ရာနယ်မြေ ဖြစ်လေသည်။ ထိုအချိန်အခါက ကံသမင်းကြီး၏ ပိုင်ဆိုင်ရာနယ်မြေသည်
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှ ပဲခူးရိုးမအနောက်ခြမ်းအထိ ကျယ်ပြန့်လေသည်။ နယ်ပယ်အတွင်း၌
နေထိုက်ကြကုန်သော နယ်ပယ်သူ၊ နယ်ပယ်သား လူအများတို့သည် အတိဒုက္ခ အလွန်ရောက်ကြသဖြင့် ၄င်းအကြောင်းကို
ဘုရင်မင်းမြတ်အား ရွှေနားတော်ကြား လျှောက်ထား၍ အကူအညီ တောင်းခံကြလေသည်။ ထိုအခါ ဘုရင်မင်းမြတ်သည်
အသက်အရွယ် အိုမင်းမစွမ်း ဖြစ်နေသည့်ပြင် ကျန်းမာရေးကလည်း မပြည့်စုံသောကြောင့် မုဒိန်းတန္ဒ၊
ခိုးသားဓားပြတို့၏ ရန်ကို နှိမ်နင်းဖို့ရန် ငါ့မှာ သားတော်တစ်ပါးရှိပါက ကောင်းလေစွဟု
မိဖုရားကြီး၏ ရှေ့မှောက်တွင် ညည်းညူတော်မူလေသည်။
ထိုအခါ မိဖုရားကြီးက အရှင်မင်းကြီး ယခုအခါ
သားတော်တစ်ပါး ထင်ရှားရှိခဲ့ပါလျှင် သတ်ဦးမှာလားဟု လျှောက်ထားရာ အားကိုးအားထား သားရတနာရှိပါဘိမူ
အိမ့်ရှေ့ဥပရာဇာခန့်အပ်၍ ရန်သူတွေကို နှိမ်နင်းစေရမှာပေါ့ဟု မိန့်မြွက်တော်မူလေသည်။
ထိုသို့တပြီးကား ကောင်းပြီ အရှင်မင်းကြီး
ဘုရားကျွန်မတွင် လွန်ခဲ့သော ၁၈ နှစ်လောက်က မျက်နှာသန့်စင် ဖွားမြင်တော်မူသည်မှာ သမီးကညာ
ရတနာမဟုတ် သားတော်အစစ်သာဖြစ်ခဲ့သည်။ အရှင်မင်းကြီး၏ အမိန့်တော်မြတ်ကို ဦးထိပ်ရွက်
ပန်ဆင်ရသူတစ်ယောက်ဖြစ်သောကြောင့် သားတော်ကို အထိမ်းအယ နို့ထိန်းသည်တို့နှင့်တကွ အရပ်တစ်ပါးသို့
ပို့ဆောင်ကာ ၀ှက်ထားခဲ့ပြီးလျှင် သမီးကညာ ရတနာဖွားမြင်ကြောင်းကို မင်းကြီးအား လျှောက်ထားခဲ့ပါသည်ဟု
လျှောက်ထားလေသည်။ ထိုသို့ဖြစ်လျှင် သားတော်အား အမြန်ဆုံး ခေါ်ဆောင်ရမည်ဟု အမိန့်တော်
သတ်မှတ်လေသည်။
မိဖုရားကြီးသည် သားတော်ထံသို့ လူလွှတ်၍ အမြန်ဆုံးကြွလာရန်
မှာကြားလိုက်လေသည်။ သားတော်သည်လည်း မတွေ့မြင် မဖူးတွေ့ရဘူးသေးသော မိဘနှစ်ပါးကို တွေ့မြင်ဖူးတွေ့ရမည်ဖြစ်သောကြောင့်
အလွန်ဝမ်းမြောက်စွာဖြင့် ကြွချီတော်မူခဲ့လေသည်။ သားတော်ကြွချီတော်မူကြောင်း မင်းမိဖုရားနှစ်ပါးတို့အား
သံတော်ဦးတင်သောအခါ ခမည်းတော် နှင့် မယ်တော်သည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် နန်းဦးစမုတ်မှ
ထွက်၍ ကြိုဆိုကြလေသည်။ နန်းတွင်းသူ၊ နန်းတွင်းသားတို့မူကား တစ်ဦးနှင့်တစ်ဦး မယ်တော်ကြီး
လိမ္မာပါးနပ်စွာ သားတော်ကလေးကို ဖုံးဝှက်ကာထားသောကြောင့် အသက်မသေ ကျန်ရသည်။ ဘုရင်ကြီးအလိုအားဖြင့်မူကား
သားတော်ကလေးကို “သတ်ရဲ့”ဟု တီးတိုးစကား ပြောကြားကြလေသည်။
သားတော်ကလေး နန်းတော်ရောက်၍ မကြာမြင့်မီ
ဓားခုတ်လှံထိုး၊ ဆင်စီးမြင်းစီး၊ စစ်ဆင်စစ်တက် စသော မင်းသားတို့တတ်အပ်သော အတတ်ပညာတို့ကို
တစ်ခုမကျန် ကောင်းစွာသင်ကြားစေပြီးလျှင် အိမ်ရှေ့ဥပရာဇာ ခန့်အပ်တော်မူလေသည်။ ထို့နောက်
အရှေ့ဘက်တစ်လွှားတွင် ထကြွသောင်းကျန်းနေကြကုန်သော သူပုန်သူကန်တို့ကို နှိမ်နင်းတိုက်ခိုက်ရန်
တပ်ထောင်ကာ ဗိုလ်ထုနှင့် အိမ်ရှေ့ဥပရာဇာကို စစ်သူကြီးခန့်၍ စေလွှတ်တော်မူခဲ့လေသည်။ အိမ်ရှေ့ဥပရာဇာလည်း
ရန်သူကို နှိမ်နင်းရန် တပ်ထောင်ကာဗိုလ်ထုနှင့် အောင်စည်ကိုရွမ်း၊ အောင်လံကိုထောင်၊
အောင်မောင်းသံတဟီးဟီး တီးလျက် လှေဖောင်များတို့ဖြင့် ဧရာဝတီမြစ်ကူးဖြတ်ကာ အရှေ့ဘက်ကမ်းခြေတွင်
တည်ရှသော တရော်ကုန်းရွာဆိပ်ကမ်းသို့ တက်လှမ်းခဲ့လေသည်။
အိမ်ရှေ့ဥပရာဇာ မင်းသားကလေးသည် တပ်မ ချရာ
တရော်ကုန်းရွာဆိပ်ကမ်းတွင် နယ်သို့ စစ်ဖြန့်၍ မထွက်မီ အကြပ်တပ်သား စစ်ဗိုလ်တို့နှင့်
ညှိနှိုင်းတိုင်ပင် ဆွေးနွေးခြင်းပြုလျက် ဧရာဝတီ သဲသောင်ပြင်မှ သဲများကို တစ်ယောက်တစ်ထမ်းစီ
သယ်ယူကြပြီးလျှင် ကိုးထောင်ပြည့် သဲပုံစေတီတော်ကို တည်ဆောက်ကြလေသည်။ စေတီတော်ပြီးသောအခါ
ပန်းရေချမ်း၊ ကြက်လျှာတိုင်၊ တံခွန်ကုက္ကား၊ မလေးပွားတို့ဖြင့် ရှိခိုးကော်ရော် ပူဇော်ကန်တော့ကြပြီး၍
ဤကောင်းမှုကြောင့် ဘုရားတပည့်တော်တို့သည် တွေ့သမျှရန်သူကို လွယ်ကူစွာ အောင်မြင်ရပါလို၏ဟူ၍
ဆုတောင်းပြီးလျှင် အရှေ့တစ်လွှားသို့ တပ်တော်ကို ဖြန့်ကာ ချီတက်ကြလေသည်။
အိမ်ရှေ့မင်းသားလေး၏ တပ်မတော်ကြီး ချီတက်ခဲ့သော
အောင်လံမြို့ အရှေ့တောင်ယွန်းယွန်းတွင် တည်ရှိကြသော စခန်းကြီး၊ မြို့လှ၊ ဆင်တဲ၊ ဆင်ကျန်၊
မောင်းမလုတ်၊ ဗိုလ်လုကုန်း၊ အောင်မြေကုန်းစသော ဤသမိုင်းဝင်ရွာများစွာတို့သည် ယခုတိုင်
ထင်ရှားရှိကြလေသည်။ သို့သော် ဤဆုတောင်းပြည့်ရွှေပြောင်ပြောင် သမိုင်းတော်၌ ကျယ်အံ့မည်စိုးသဖြင့်
၎င်းရွာတို့၏ အကြောင်းအရာ အတ္ထုပ္ပတ္တိတို့ကို ချန်လှပ်၍ ထားခဲ့ပါသည်။
အိမ်ရှေ့မင်းသားလေး၏ တပ်မတော်သည် သောင်းကျန်းထကြွလျက်ရှိကြကုန်သော
သူပုန်သူကန်တို့ကို လွယ်ကူစွာ နှိမ်နင်းခဲ့နိုင်လျက် အောင်မြင်စွာ တပ်မတော်ကို ပြန်ခေါက်ခဲ့နိုင်လေသည်။
ထိုတွင် မိမိတို့ တပ်ထွက်ခဲ့စဉ်က ရန်သူဟူသမျှကို လွယ်ကူစွာ နှိမ်နင်းရပါလို၏ဟူ၍ ဆုတောင်းပြည့်သောကြောင့်
မိမိတို့တည်ဆောက်ခဲ့သော သဲပုံစေတီတော်မြတ်ကို အုတ်ကျောက်တို့ဖြင့် မွမ်းမံကာ ခိုင်ခံ့သော
အုတ်ကျောက်စေတီတော်အဖြစ် ထပ်မံ၍ တည်ဆောက်ကြပြန်လေသည်။ စေတီတော်၏ ဘွဲ့တော်ကိုလည်း ဆုတောင်းပြည့်စေတီဟု
သမုတ်ခေါ်ဝေါ်ကြလေသည်။
ခမည်းတော် ကံသမင်းကြီးသည် အိမ်နိမ့် ၄၀ နှစ်၊
စည်းစိမ် ၂၅ နှစ်၊ သက်တော် ၆၅ နှစ်တွင် နတ်ရွာစံတော်မူလေသည်။ ခမည်းတော် နတ်ရွာစံပြီးသည့်နောက်
အိမ့်ရှေ့မင်းသားလေးသည် ၀ဓမုဉ္စိကရာဇာ ဟူသော ဘွဲ့နာမတော်ကို ခံတော်မူလျက် ရာဇဘိသေကမင်္ဂလာ
ဆင်ယင်ကျင်းပတော်မူပြီးလျှင် ထီးမွေနန်းမွေကို ဆက်ခံပြီး၍ စိုးမိုးအုပ်ချုပ် မင်းလုပ်တော်မူခဲ့လေသည်။
ထိုမင်းသားကို ၀ဓမုဉ္စိကရာဇာ ဟု ဘွဲ့သညာတပ်ခဲ့သော်လည်း တိုင်းသားပြည်သူတို့ကတော့ ပညတ်သွားရာ
ဓာတ်သက်ပါဟူသည်နှင့်အညီ သားတော်ကလေး မွေးဖွားစက သားတော်ကလေး မွေးဖွားကြောင်း ဘုရင်ကြီးသိပါလျှင်
မွေးဖွားစကလေးကိုပင် သတ်ရဲ့ဟု တဖွဖွ ပြောကြားကြသောစကားကို အစဉ်မှီးလျက် ထိုဘုရင်လေးကို
ဝဓမုဉ္စိကမင်းဟု မခေါ်တွင်ဘဲ သတ်ရဲ့မင်းဟု ခေါ်တွင်ကြလေသည်။ ထိုမင်း၏ စံရာမြို့တော်ကို
“သတ်ရဲ့မြို့”ဟု ခေါ်တွင်ကြလေသည်။
ဝဓမုဉ္စိကမင်းသည် ခမည်းတော် ကံသမင်းကြီး တည်ဆောက်လုပ်တော်မူခဲ့သော
နန်းတော်ဟောင်းကို အသစ်တစ်ဖန် ပြုပြင်တော်မူ၍ မြို့တော်၏ တနင်္ဂနွေထောင့်အရပ်တွင်လည်း
စေတီတော်တစ်ဆူကို တည်ထား ကိုးကွယ်ခဲ့လေသည်။ ထိုစေတီတော်ကို ရွှေသက်လွတ်စေတီဟု ဘွဲ့နာမတပ်တော်မူခဲ့လေသည်။
ထိုစေတီတော်ကို ရွှေသက်လွတ်စေတီဟု ဘွဲ့နာမည်တပ်ရခြင်းမှာ မယ်တော်ဘုရားကြီးသည် မျှောတိုင်းဆ
ပဋိဘာဏဥာဏ်နှင့် ပြည့်စုံလှ၍ မိမိမွေးကင်းစကလေးအရွယ်မှာ အရပ်တစ်ပါးသို့ပို့ကာ ၀ှက်၍ထားသောကြောင့်
မိမိအသတ်မခံရဘဲ အသတ်လွတ်ခဲ့ရသည်ကို မယ်တော်ကြီးအား လေးလေးစားစား အလေးထားကာ ချီးမွမ်း
ဂုဏ်ပြုသောအနေဖြင့် နောင်လာနောင်သားများ မှတ်သားရစ်ကြရန် မော်ကွန်းကျောက်တိုင်စိုက်ထောင်သကဲ့သို့
ထင်ရှားစေရန် ရွှေသက်လွတ်စေတီကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ရွှေသက်လွတ်စေတီတော်သည် မုခ်လေးဘက်ရှိသော
အခြေခံအုတ်တိုက်ပေါ်တွင် စေတီပေါက်ထားသော ပုထိုးစေတီ ဖြစ်လေသည်။ ထိုစေတီ၏ မုခ်လေးဘက်၌
တောင်၊ မြောက်၊ အရှေ့မုခ်တို့တွင် မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားတော်များ တည်ရှိကြ၍၊
အနောက်ဘက်မုခ်တွင်ကား မယ်တော်မိဖုရားကြီး၏ ရုပ်ထုတော်ကို တည်ထားလေသည်။ ဤအဓိပ္ပာယ်မှာ
အမိအဖဟူသည် အနန္တဂုဏ်ရှင် မြတ်စွာဘုရားနှင့် တစ်ဂိုဏ်းတည်း ထား၍ ကိုးကွယ် အပ်သည်ကို နောင်လာနောင်သားတို့အား
သိစေအပ်ပါသည်။ အထူးအားဖြင့် ဘုရားဒကာ၏ မိခင်သည် မိမိအသက်ကို ပဓာနမထား၊ မင်းမိန့်ကို
ကျော်လွှားကာ သား၏အသက် ကယ်ဆယ်ခဲ့ဖူးသည် ဟူသော ဂုဏ်ထူးကို ထင်ရှားစိမ့်သောငှာ ဤဘုရား
ဤလိုဏ်ဂူတွင် ဘုရားနှင့်အတူထား၍ မိခင်၏ရုပ်ထုကို တည်ထားကိုးကွယ်ခဲ့ဟန်တူလေသည်။
မိမိ အိမ့်ရှေ့မင်းသားဘ၀ စစ်ထွက်စဉ်က ဧရာဝတီမြစ်၏
အရှေ့ဘက်ကမ်း၊ တရော်ကုန်း ၇ွာကလေးမှ အနောက်ဘက် ဧရာဝတီမြစ်ဆီတို့ ထိုးထွက်နေသော ခင်တန်းအငူပေါ်တွင်
တည်ထား ကိုးကွယ်ခဲ့သော ဆုတောင်းပြည့်စေတီတော်ကိုလည်း တံတိုင်းလေးဘက်ကာရံပြီးလျှင် ရင်ပြင်တော်ကို
အုတ်မြောင်းပြုလျက် မွမ်းမံပြင်ဆင်ကာ စေတီတော်မြတ်ကို အထက်မှ သပိတ်မှောက်တော် အထိ ရွှေအပြည့်ချလေသည်။
ဤသည်တွင်မှပထမဆုတောင်းပြည့်စေတီတော်သည်
ရွှေချလိုက်သောအခါ ရွှေပြောင်ပြောင် တိုးလာလျက် “ဆုတောင်းပြည့် ရွှေပြောင်ပြောင် စေတီတော်”
ဟု ပြည်သူများက ခေါ်ဝေါ်မှုပြုခဲ့ကြရာ ယခုတိုင် “ဆုတောင်းပြည့် ရွှေပြောင်ပြောင် စေတီတော်”ဟု
ခေါ်မှတ်ပြုကြလေသည်။