Monday, May 13, 2013

မန်ယူပရိသတ်များနှင့် အသင်းသားများကို နှုတ်ဆက်စကား ပြောဆိုခဲ့သည့် ဖာဂူဆန်

အိုးလ်ထရက်ဖို့ဒ်တွင် မန်ယူပရိသတ်များနှင့် အသင်းသားများကို နှုတ်ဆက်စကား ပြောဆိုခဲ့သည့် ဖာဂူဆန် PDF Print E-mail
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်အနေဖြင့် ၎င်း၏ ဘောလုံးလောက နောက်ဆုံးနှုတ်ဆက်ပွဲကို အိုးလ်ထရက်ဖို့ဒ်တွင် စိတ်လှုပ်ရှားစွာ ဖြတ်သန်းတွေ့ကြုံခဲ့ရသည်။


ရာသီကုန်တွင် မန်ယူအသင်း မန်နေဂျာ ရာထူးမှ အနားယူတော့မည့် စကော့တလန်သားကြီးသည် ယမန်နေ့ညက ဆွမ်ဆီးကို အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်အပြီး အသင်းနှင့်အတူ ချန်ပီယံဆုကို လက်ခံယူခဲ့သည်။ အစဉ်အလာအရ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပထမဆုံး ကိုင်မြှောက်ခွင့် ရသူသည် အသင်းခေါင်းဆောင်သာ ဖြစ်ရသော်လည်း ယခုတစ်ကြိမ်တွင်မူ မန်ယူအသင်း၏ အသင်းခေါင်းဆောင်နှင့် လက်ထောက် အသင်းခေါင်းဆောင်တို့ဖြစ်သည့် နီမန်ယာဗီဒစ်နှင့် ပက်ထရစ် အီဗရာတို့က ၎င်းတို့၏ မန်နေဂျာကို ဦးစွာ ဆုဖလား ကိုင်မြှောက်စေခဲ့သည်။ ဖာဂူဆန်သည် ဆုယူအခမ်းအနား မတိုင်မီ တွင်လည်း တစ်ကွင်းလုံး ရဲရဲနီအောင်ပြည့်လျှံစွာအားပေးနေသည့် ပရိသတ်ကို နှုတ်ဆက် စကား ပြောကြားသွားသည်။

အသက်(၇၁)နှစ်ရှိ မန်နေဂျာကြီးသည် ၎င်း၏ (၂၆)နှစ်ကျော်ကြာ မန်ယူအသင်း မန်နေဂျာ သက်တမ်းအတွင်း ဆုဖလား (၃၈)လုံးကို ရယူပေးခဲ့သည်။ "ကျွန်တော့် ရင်ထဲကပျော်ရွှင်မှုတွေအကြောင်း မပြောခင် ပေါလ်စခိုးလ်ကို ကျွန်တော် လေးစားတဲ့အကြောင်း ပြောချင်ပါတယ်။ သူဟာ ဒီနေ့ပဲ ကစားသမား ဘဝက အနားယူကြောင်း ကြေညာပါတယ်။ သူဟာ ဒီကလပ်အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ အမြဲတမ်း အကောင်းဆုံး ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမား တစ်ယောက် ဖြစ်နေမှာပါ။ ပြီးတော့ နားနေရတဲ့ ဒါရင်ဖလက်ချာပေါ့။ သူမြန်မြန် အသင်းအတွက် ပြန်လာနိုင်ဖို့ ဆန္ဒပြုပါတယ်"ဟု ဖာဂူဆန်က ဆိုသည်။



၎င်းက "ကျွန်တော် အားလုံးကို ပြန်ပြောပြချင်တာက ဆိုးရွားတဲ့ ကာလတွေ ကြုံခဲ့ချိန်မှာ ကလပ်အသင်းက ကျွန်တော့်ကို ဘယ်လို ထောက်ခံ ရပ်တည်ခဲ့တယ်။ ဘုတ်အဖွဲ့ကို ဘယ်လို အားပေးခဲ့တယ် ဆိုတာကို သတိရနေဖို့ပါပဲ။ ကဲ၊ ခင်ဗျားတို့ ခုလုပ်ရမယ့် ကိစ္စက နောက်ရောက်လာမယ့် မန်နေဂျာသစ်ကို ထောက်ခံ ရပ်တည်ဖို့ပဲ"ဟုလည်း ဆက်ခံသူ ဒေးဗစ်မိုယက်စ်အတွက် စကားဦး သမ်းပေးခဲ့သည်။ ဖာဂူဆန်က "ခုချိန်မှာ ကျွန်တော့်အနေနဲ့ အသင်းနဲ့ထပ်တူ ခံစားနေဖို့ထက် အသင်းကို စောင့်ကြည့်ရင်း ပျော်ရွှင်ဖို့ပဲ ပိုဖြစ်နိုင်ပါတော့တယ်။ ကျွန်တော်တို့ နောက်ကျဂိုးတွေ သွင်းယူဖူးတယ်။ ရှုံးနေရာက ပြန်နိုင်ဖူးတယ်။ အဲဒီလို အချိန်ကောင်းတွေဟာ ယုံနိုင်လောက်စရာ မရှိအောင် ကောင်းမွန်တဲ့ အတွေ့အကြုံပါပဲ။ ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု အသင်းသားများအတွက် ရည်စူး ပြောဆိုခဲ့သည်။

၎င်းက "ဒီနိုင်ငံမှာ အကောင်းဆုံး စာရင်းဝင် ကစားသမားတချို့ကို မန်နေဂျာအဖြစ် ကိုင်တွယ်ခွင့် ရခဲ့တာ ကျွန်တော် ကံကောင်းလို့ပါ။ ဒီကစားသမားတွေဟာ ချန်ပီယံဆုကို အကောင်းဆုံး ပုံစံနဲ့ ရယူခဲ့တယ်။ သူတို့ အကောင်းဆုံး လုပ်ခဲ့တယ်လို့ ပြောချင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ရင် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဝန်ထမ်း အဖွဲ့တွေအပြင် ခင်ဗျားတို့ အားလုံး ပါဝင်ပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော့် ဘဝမှာ အကြီးကျယ်ဆုံး အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ အားလုံး ကျေးဇူးပါ"ဟုလည်း ဆက်လက် ပြောကြားသွားသည်။



၎င်းအား ကစားသမားများနှင့် ပတ်သက်ပြီး ဆုမွန်ကောင်း တောင်းပေးရန် တောင်းဆိုရာ ဖာဂူဆန်က "ကစားသမားတွေ အနေနဲ့ အရာအားလုံး ပိုင်ဆိုင် အောင်မြင်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပေးပါတယ်။ သူတို့ ဘယ်လောက် တော်တယ်ဆိုတာ ကျွန်တော် အသိဆုံးပါ။ ဒီအသင်း ဂျာစီကို ဝတ်ဆင်ထားသ၍ ဒီမှာ အရာအားလုံး ဖြစ်လာနိုင်တယ် ဆိုတာကို သဘောပေါက်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ နိမ့်ကျမသွားပါစေနဲ့"ဟု ဆုတောင်းပေးရင်း ဆုံးမစကား ပြောဆိုသွားခဲ့သည်။ ဖာဂူဆန်သည် ဗုဒ္ဓဟူးနေ့က ၎င်းအနားယူတော့မည့် သတင်းကို အတည်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းသည် ပုဂ္ဂိုလ်ရေး ဘဝနှင့် ဆိုင်ကြောင်း ဖာဂူဆန်က TVအင်တာဗျူး တစ်ခုတွင် ဝန်ခံထားခဲ့သည်။

"ကျွန်တော့် ဇနီးသည် ကေသီရဲ့ ညီမ ကွယ်လွန်သွားတဲ့နောက် အရာအားလုံး အပြောင်းအလဲတွေ ဖြစ်လာတယ်။ ခုချိန်မှာ သူဟာ တော်တော်လေး သီးခြား အထီးကျန်သလို ဖြစ်သွားတယ်။ ကျွန်တော့်ဘဝရဲ့ ကိုယ်ပိုင် အချိန်တွေ အများကြီးကို ကေသီ့ဆီက ရယူထားခဲ့ပြီးပါပြီ။ ဒါဟာ အကြွေးတင်နေတာပါ။ (၄၇)နှစ်လုံးလုံး ကေသီဟာ မိသားစုရဲ့ ခေါင်းဆောင် ဖြစ်နေခဲ့တယ်။ ကျွန်တော့် သား(၃)ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်။ ကျွန်တော့်အတွက် သူ့ကိုယ်သူ အစွမ်းကုန် ပေးဆပ်ထားပြီးပြီ။ ခုဆို မြေးတွေတောင် ရနေပြီ။ ကေသီဟာ သူ့ရဲ့ အချစ်ဆုံး မိတ်ဆွေလည်း ဖြစ်တဲ့ သူ့ညီမ ဘရစ်ဂတ်ကို ဆုံးရှုံးလိုက်ရပါပြီ။ ဒီအချက်က အရေးကြီးပါတယ်။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်ကလည်း အနားယူချိန်မှာ အောင်နိုင်သူ တစ်ယောက် အနေနဲ့ ထွက်ခွာချင်တယ်လေ။ ဒါဟာ ကျွန်တော် အလိုချင်ဆုံး အရာတစ်ခုလည်း ဖြစ်ပါတယ်"ဟု ဖာဂူဆန်က ပြောကြားခဲ့ဖူးသည်။
Ref: Sky Sports

0 comments to “မန်ယူပရိသတ်များနှင့် အသင်းသားများကို နှုတ်ဆက်စကား ပြောဆိုခဲ့သည့် ဖာဂူဆန်”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger