Thursday, May 16, 2013

ဆိုင်ကလုန်း မဟာစင်ဟာ ဘင်္ဂလားဒေ့ရှ် ၀င်ရောက်

ဆိုင်ကလုန်း မဟာစင်ဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ မြေနိမ့် ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ပြီး စစ်တကောင်းနဲ့ ကောက်ခ်စ်ဘဇား ဆိပ်ကမ်းတွေဆီကို တည့်တည့် ၀င်ရောက်နေပါတယ်။

လေဟာ တနာရီမိုင် ၆၀ ကျော်နှုန်းလောက် တိုက်ခတ်နေပြီး လှိုင်းလေတွေ ပြင်းထန်နေပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းရိုးတန်းက ခဲပူပါရာကို အရင်ဆုံး တိုက်ခတ်သွားပြီး မြန်မာနိုင်ငံအနီး အရှေ့ဘက် ကမ်းရိုးတန်းဆီ ဦးတည်ပြီး အရှေ့မြောက်ဘက် လမ်းကြောင်းကို ရောက်ရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်ချိန်မှာ လူ ၂ ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက သတင်းထုတ်ပြန်ထားပါတယ်။ တစ်ဦးက သစ်ပင်လဲကျလို့ သေဆုံးသွားတာဖြစ်ပြီး နောက်တစ်ဦးကတော့ မုန်တိုင်းကာကွယ် အဆောက်အဦဆီ သွားရာလမ်းမှာ သေဆုံးခဲ့တာလို့ သိရှိရပါတယ်။ သစ်ပင်တွေ အမြစ်ကျွတ်ထွက်တာ၊ အိမ်တွေ ပျက်စီးတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မဟာစင်မုန်တိုင်း နီးကပ်လာချိန်မှာ မုန်တိုင်းသတိပေးချက်ကို အဆင့် ၇ မှ ၁၀ ထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လမ်းကြောင်းပြောင်းသွားချိန်မှာ မုန်တိုင်းကြောင့် သီရိလင်္ကာမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၉၉၁ ယောက် ဘေးလွတ်ရာ ရှောင်ပြေးခဲ့ရပါတယ်။

by ဒီဗွီဘီ 


0 comments to “ဆိုင်ကလုန်း မဟာစင်ဟာ ဘင်္ဂလားဒေ့ရှ် ၀င်ရောက်”

Post a Comment

 

Htet Myint Oo Copyright © 2011 -- Template created by O Pregador -- Powered by Blogger